Powered By Blogger

Monday, September 17, 2012

ခြင်္သေ့သုံးလိပ်

ခြင်္သေ့သုံးကောင် နဲ့လည်း လက်ဖက်ရည်ဝိုင်းပေါ်
ဖက်အိပ်ခဲ့ဖူးပြီ
ညနေခင်း က တုန်ခါနေတော့ ကျွန်တော့် ရေသည်ပြဇာတ်ကို
ဘယ်သူမှ မမှုတော့ဘူး
ရေနွေး တစ်အိုးပြီးတစ်အိုးသာ ထပြန်သွားတယ်
ကောင်းကင်ကြီး မျက်နှာဘာလို့နီလဲဆိုတာ သိသားပဲ
ဘာတတ်နိုင်မှာလဲ ... ခြေဆုံးခေါင်းဆုံး မလိမ်းနိုင်တာကြာပြီ
ပုဂံဘုရားတွေ စိတ်ကူးနဲ့ ဖူး “လှည်းဝင်ရိုးသံ တညံညံ“ ပါပဲ
ခြင်္သေ့တစ်ကောင် အိပ်မှုန်စုတ်ဖွား နဲ့
ငွေစက္ကူထဲက ခြင်္သေ့ “အထီးလား အမလား“ လို့ ထမေးတယ်
အဲဒီ ခြင်္သေ့နဲ့တွေ့ဖြစ်ဖို့မရှိပေမဲ့ တွေ့ဖြစ်ရင်မေးပေးပါ့မယ်
မီးသေသွားတဲ့ ခြင်္သေ့ကိုပြန်ညှိ လည်ဆံမွှေးတဖွားဖွား နဲ့
မီးခိုးငွေ့တွေ ... အဟွတ် ... အဟွတ် ... နှုတ်ခမ်းအပူချိန်တွေတက်လာတယ်
သစ်သီးဖျော်ရည်တစ်ခွက် ၊ အသားညှပ်ပေါင်မုန့်တစ်ပွဲ
မာဘိုရိုအရောင်မျိုးစုံနဲ့ တွဲကခဲ့တဲ့ နေ့တွေ ကုန်ပြီ
စက်ရုံကတော့ ဆက်ဆက်ထုတ်ပါရဲ့ ... ကျွန်တော် က မထုတ်ဖြစ်တာ
ဒုတိယခြင်္သေ့ က ပလတ်စတစ်မိုးကာ ချွတ်ရင်း
“ဝေါင်း (ကျွန်တော်တို့ကို ဘယ်ငွေစက္ကူမှ သတင်းလာမမေးကြဘူး)
ဝေါင်း (အပေါင်းအသင်းကောင်းတွေ!)“ လူမိုက်နှင့်ငွေအတူမနေ
၃ နဲ့ ဖြုန်း ကို ပီပီသသပြောတတ်ခဲ့ဖူးပြီ
ကြေးအိုးဆိုင်ရဲ့ ထသွားထလာကားတွေ ဒီဝိုင်းက လက်ဘက်ရည်ခွက်ကို
လှမ်းမျှော်နေတယ်လို့ ယင်တစ်ကောင်က သတင်းပေးလာတယ်
သောက်ချင်ရင်တိုက်လိုက် ... လှမ်းမမျှော်ဖို့ပြော ... ဒီမှာသောက်ရတာမျိုမကျဘူး
ဆေးသားနံ့လှိုင်လှိုင် နဲ့ သမ်းဝေ နောက်ဆုံးခြင်္သေ့ကျည်ဆန်တစ်တောင့်
သူ့အမြှီးသူပြင်ဝတ်ရင်း “ ဘဏ်ထဲမှာ ပါကင်ရှိသတဲ့ “
ကြံကြီးစည်ရာ သူများသားပျိုသမီးပျိုကို မပစ်မှားကောင်းဘူး
“ဟိုနားဒီနား ဘီယာဆိုင်“ တောင် ညှော်နံ့မခံနိုင်လို့ မသွားဘူး
ကောင်မလေး က ကြိုက်ပုံမပေါ်ဘူး
နွားတွေကရေနစ်သေတယ် ဖုန်းတွေကဘေလ်နစ်သေတယ်
ဒုက္ခသစ္စာ မက်ဆေ့ပို့ဖို့ အခြေအနေနဲ့ အချိန်အခါ စီးချင်းထိုးနေရတယ်
ခြင်္သေ့သုံးကောင် နေရာ ပုံပျက်ပန်းပျက် နေရာ ပြောင်းအိပ်တယ်
မြောင်းရေကိုမှ ဆင်းချိုးချင်ပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့
စားပွဲထိုး မျက်နှာပေး နဲ့ တူတူလာတဲ့ ညနေခင်း ၊ ညခင်း
“ဟွန်း“ သံတွေ က ကျွန်တော့် ကို မောင်းထုတ်
အရည်ပျော်သွားတဲ့ ပလတ်စတစ်တစ်ခုံကို “မ“ ရွှေ့ 
                   “ချွတ်    ချွတ်“
ပြန်သုံးလို့ရမလားလို့ သက်ပြင်းအချို့  အိတ်ပေါက်ထဲထည့်
အကွင်းလိုက်ပေါက်နေတဲ့ ပုဆိုး ကို ဖုတ်ဖတ်ခါအထ
အိပ်မှုန်စုပ်ဖွား ခြင်္သေ့ မှာဖြစ်အောင် မှာလိုက်တယ်
“အထီးလား အမလား “ အဲဒါ မမေ့နဲ့နော်
အင်းလေ ... တွေ့နေရမယ့် မျက်နှာတွေပဲ ၊ မတွေ့ရတော့မယ့် မျက်နှာတွေပဲ
ကျွန်တော့် ဖိနပ်တွေ အိမ်ပြန်လမ်းမှာ တရွှီရွှီ ရင်ကြပ် လို့
“သုည - လင်းလင်း“ ညည်းရင်း လိုက်လာတဲ့ ဖုန်းလေး က မေးငေါ့ပြတယ်
(မကြည့်ဖြစ်လိုက်ရင်ကောင်းသား)

“ဖုန်း ငွေ ဖြည့် ကဒ် ရပြီ“ ။ ။





| ကောက်ကွေ့

No comments:

Post a Comment